ကွယ်လွန်သွားပြီဖြစ်တဲ့ သမ္မတဟောင်း Jimmy Carter ရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ ကြာသပတေးနေ့မှာ မြို့တော်ဝါ ရှင်တန်ဒီစီမှာရှိတဲ့ National Cathedral ဘုရားကျောင်းကြီးမှာ နိုင်ငံတော်ဈာပနအဖြစ် နောက်ဆုံး ဂါရဝပြု ကျင်းပမှာဖြစ်ပါတယ်။ သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကိုတော့ ဇာတိမြေဖြစ်တဲ့ Georgia ပြည်နယ်မှာ ပြန်လည် မြှုပ်နှံသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။
ဈာပနအခမ်းအနားကို သက်ရှိထင်ရှားရှိနေတဲ့လက်ရှိသမ္မတ Joe Biden ၊ အရွေးကောက်ခံသမ္မတ Donald Trump နဲ့သမ္မတဟောင်း Bill Clinton ၊ George Bush ၊ Barak Obama စတဲ့ သမ္မတနဲ့သမ္မတဟောင်းတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ထောင် သောင်းနဲ့ချီတဲ့ ပြည်သူတွေလည်း နောက်ဆုံး လာရောက်ဂါရဝပြုကြပါတယ်။
သူ့ရဲ့ကြွင်းကျန်တဲ့ရုပ်ကလာပ်ကို အများပြည်သူနောက်ဆုံး ဂါရဝပြုနိုင်ဖို့ ပြီးခဲ့တဲ့အင်္ဂါနေ့ကတည်းက ဝါရှင်တန်ဒီစီမှာရှိတဲ့ လွှတ်တော်အဆောက်အဦးမှာ ထားရှိပါတယ်။ အခုလို လွှတ်တော် အဆောက်အဦးမှာ ဈာပနအဖြစ် ဂုဏ်ပြုထားရှိတာဟာ ၁၈၅၂ ခုနှစ်ကနေ အခုချိန်ထိ လူပုဂ္ဂိုလ် ၅၀ ပဲ ရှိပါတယ်။
ကွယ်လွန်သူ သမ္မတဟောင်း Jimmy Carter ကို စစ်မှုထမ်းဟောင်း၊ မြေပဲစိုက်တောင်သူ၊ Georgia ပြည်နယ်အုပ်ချုပ်ရေးမှူး၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ Sunday School ကျောင်းဆရာ၊ လူ့အခွင့်အရေးမြှင့်တင်ဆောင်ရွက်သူ နဲ့ အမေရိကန်သမ္မတ စတဲ့ တာဝန်အသီးသီးထမ်း ဆောင်ခဲ့သူအဖြစ် ဂုဏ်ပြု ဖေါ်ပြကြပါတယ်။
သူဟာ သန့်ရှင်းတဲ့လောင်စာအသုံးပြုဖို့ ပထမဆုံး စတင်မူဝါဒချမှတ်ခဲ့တဲ့ သမ္မတဖြစ်တယ်လို့ လက်ရှိ ဒုသမ္မတ Kamala Harris ကလည်း ချီးကျူးပြောဆိုခဲ့ပါတယ်။ သမ္မတ Joe Biden ကလည်း သူနဲ့ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေဖြစ်ပြီး ထူးခြားထူးချွန်တဲ့သမ္မတအဖြစ် ချီးကျူးပြောဆိုခဲ့သလို သူ့ကို စံနမူနာထားပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
၃၉ ယောက်မြောက် အမေရိကန်သမ္မတဖြစ်ခဲ့သူ Jimmy Carter ရဲ့ ကြွင်းကျန်တဲ့ရုပ်ကလာပ်ကို သူရဲ့ဇာတိဖြစ်တဲ့ Georgia ပြည်နယ်၊ Plains မြို့ကို ပြန်လည်သယ်ဆောင်ပြီး ဇန္နဝါရီလ ၉ ရက်နေ့ ကြာသပတေးနေ့မှာပဲ Jimmy Carter အမျိုးသားသမိုင်းဝင် ဥယျာဉ်အတွင်းမှာရှိတဲ့ သူ့ရဲ့ အိမ်ခြံဝင်းအတွင်း မြေမြှုပ် သင်္ဂြိုဟ်မှာဖြစ်ပါတယ်။
ဒီကနေ့ National Cathedral ဘုရားကျောင်းကြီးမှာပြုလုပ်တဲ့ သူရဲ့ဈာပနအခမ်းအနားကို VOA ကလည်း တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
Forum