အစ္စရေးနယ်မြေတွေထဲကို Hamas စစ်သွေးကြွတွေ ၂၀၂၃ ခုနှစ်တုန်းက ဝင်ရောက်တိုက်ခိုက်ချိန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၅ ယောက် ပြန်လွတ်လာဖို့ရှိတယ်လို့ Israel ရော Hamas ဘက်ကပါ ပြောပါတယ်။
အစ္စရေးနဲ့ Hamas အဖွဲ့ကြား သီးခြားသဘောတူညီမှုနဲ့ ထိုင်းနိုင်ငံသားတွေ ပြန်လွတ်လာမှာ ဖြစ်ပါ တယ်။ အစ္စရေးဓားစာခံ ၃ ယောက်အပါအဝင် စုစုပေါင်း ၈ ယောက် ဒီနေ့ပြန်လွတ်လာမယ့်ထဲမှာ ထိုင်း ၅ ယောက်ပါဝင်တယ်လို့ အစ္စရေးကပြောပါတယ်။ ထိုင်းနိုင်ငံသား ၅ ယောက် ဒီနေ့ ကြာသပတေးနေ့ မှာ ပြန်လွတ်လာလိမ့်မယ်လို့ သူ့ကိုပြောပေမဲ့ ဘယ်သူတွေလဲဆိုတာ အသေအချာ မသိရသေးဘူးလို့ အစ္စရေးဆိုင်ရာ ထိုင်းသံအမတ်ကြီး Pannabha Chandraramya ရဲ့ အပြောကို ကိုးကားပြီး Bangkok Post သတင်းစာကလည်း ရေးပါတယ်။
ဂါဇာမှာ ထိုင်းနိုင်ငံသား ၆ ယောက် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ကျန် ၂ ယောက်ကတော့ သေဆုံးသွားပြီလို့ ယုံကြည်ရကြောင်း ထိုင်းနိုင်ငံခြားရေးဌာနက ပြောထားပါတယ်။ အဲဒီ ထိုင်း ၈ ယောက်လုံးဟာ ၂၀၂၃ ခုနှစ်တုန်းက Hamas တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ အစ္စရေးနယ်စပ်တွေမှာ ရှိတဲ့ သီးနှံစိုက်ခြံတွေမှာ အလုပ်လုပ်နေကြသူတွေ ဖြစ်ပါတယ်။
Hamas တွေ အစ္စရေးနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်ပြီး ဓားစာခံတွေအဖြစ် ရာနဲ့ချီ ဖမ်းဆီးခံခဲ့ရတဲ့ ထဲမှာ ထိုင်းနိုင်ငံသား ၃၁ ယောက်အပါအဝင် နိုင်ငံခြားသား တော်တော်များများ ပါဝင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ အစ္စရေးနဲ့ Hamas အကြား ပထမအကြိမ် ယာယီအပစ်ရပ်ခဲ့ချိန်တုန်းက ထိုင်းနိုင်ငံသား ၂၃ ယောက် ပြန်လွတ်လာခဲ့ပြီး ဖြစ်ပါတယ်။
Forum