သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတသေဆုံးမှု ဝမ်းနည်းကြေကွဲကြောင်း ကန်ဖော်ပြ 


အီရန်သမ္မတ Ebrahim Raisi နဲ့အတူ ရဟတ်ယာဥ်ပျက်ကျရမှာ သေဆုံးခဲ့သူများကို အီရတ်သံရုံးရှေ့မှာ ဖရောင်းတိုင်းမီးထွန်းပြီး အမှတ်တရဂါရဝပြုထားပုံ။ (မေ ၂၀၊ ၂၀၂၄/ Reuters)
အီရန်သမ္မတ Ebrahim Raisi နဲ့အတူ ရဟတ်ယာဥ်ပျက်ကျရမှာ သေဆုံးခဲ့သူများကို အီရတ်သံရုံးရှေ့မှာ ဖရောင်းတိုင်းမီးထွန်းပြီး အမှတ်တရဂါရဝပြုထားပုံ။ (မေ ၂၀၊ ၂၀၂၄/ Reuters)

အီရန်သမ္မတ Ebrahim Raisi ၊ နိုင်ငံခြားရေးဝန်ကြီး Hossein Amirabdollahian အပါအဝင် ရဟတ်ယာဥ်ပျက်ကျရာမှာ သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းရပါကြောင်း အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့မှာ ပြောပါတယ်။ အီရန်သမ္မတသစ်ကိုရွေးချယ်လိုက်တဲ့အချိန်မှာ အီရန်ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေအတွက် တိုက်ပွဲဝင်နေသူတွေကို အမေရိကန်နိုင်ငံ ဆက်လက်ထောက်ခံနေမယ်ဆိုတာ ထပ်လောင်းကတိပြုပါတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။

တနင်္ဂနွေနေ့က အီရန်နဲ့အဇာဘိုင်ဂျန် နှစ်နိုင်ငံနယ်စပ်ကအပြန်မှာ ရဟတ်ယာဥ်ပျက်ကျပြီး အီရန်တာဝန်ရှိသူတွေ သေဆုံးခဲ့တာဖြစ်ပါတယ်။

အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev ကလည်း ညီအကိုလို ရင်းနှီးတဲ့ အစ္စလာမ်မစ်နိုင်ငံနဲ့ ပြည်သူတွေရဲ့ ကြီးမားတဲ့ဆုံးရှုံးမှုအတွက် အလွန်တုန်လှုပ်မိပါတယ်လို့ တနင်္လာနေ့မှာ ပြောပါတယ်။ အီရန်ရဲ့ဆုံးရှုံးမှုအတွက် ပါကစ္စတန်နိုင်ငံက ဝမ်းနည်းခြင်းအထိမ်းအမှတ် တရက်သတ်မှတ်ခဲ့ပြီး လက်ဘနွန်နိုင်ငံက ၃ ရက်သတ်မှတ်ထားပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ကွယ်လွန်သွားသူတွေရဲ့မိသားစုတွေ၊ အီရန်အစိုးရနဲ့ ပြည်သူပြည်သားတွေနဲ့အတူ ထပ်တူဝမ်းနည်းမိပါကြောင်း တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကတော့ အီရန်သမ္မတဟာ သူ့တဘဝလုံး အမိမြေအတွက်ပေးဆပ်ခဲ့သူဖြစ်ပြီး ရုရှားနိုင်ငံအတွက်လည်း မိတ်ဆွေစစ်ဖြစ်ပါတယ်လို့ ချီးကျူးပြောဆိုခဲ့တာပါ။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ သမ္မတ Raisi သေဆုံးမှုကိုကြေကွဲဖွယ်ဖြစ်ရပ်လို့ပြောဆိုပြီး တရုတ်ပြည်သူတွေအတွက် မိတ်ဆွေကောင်းတယောက်ဆုံးရှုံးလိုက်ရပြီလို့ ပြောကြောင်း တရုတ်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အီရန်သမ္မတနဲ့ တာဝန်ရှိသူတွေ သေဆုံးမှုအတွက်ဆီးရီးယား၊ အီဂျစ်၊ တူရကီ၊ အီရတ်၊ အိန္ဒိယ အပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်အတော်များများနဲ့ အဖွဲ့အစည်းတွေက ဝမ်းနည်းကြောင်း ကြေညာချက်တွေအသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG