အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ တရားမဝင်အလုပ်လုပ်ဖို့ အဖမ်းခံထားရတဲ့ ဟောင်ကောင်ကျွန်း ဒေသခံတွေ ပြန်လွတ်လာရေးအတွက် ဟောင်ကောင်ဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ကို ဟောင်ကောင်လုံခြုံရေးဗျူရိုအကြီးအကဲ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
လုံခြုံရေးဗျူရိုအကြီးအကဲ Tang Ping-keung ဟာ ဟောင်ကောင်ဆိုင်ရာ ထိုင်းကောင်စစ်ဝန်ချုပ်နဲ့ မနေ့ ဇန်နဝါရီ ၁၆ ရက် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဒီနေ့ သောကြာနေ့မှာ မြန်မာကောင်စစ်ဝန်ရုံးကို သွားပြီး ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဟောင်ကောင်အစိုးရက သတင်းထုတ် ပြန်ပါတယ်။ ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ ဟောင်ကောင်ဒေသခံတွေကို အရှေ့တောင်အာရှ နိုင်ငံတွေဆီ ဖျားယောင်း ခေါ်ယူနေတဲ့ကိစ္စအပေါ် ဟောင်ကောင်အစိုးရအနေနဲ့ အထူးအရေးတကြီး ကိစ္စအဖြစ် သဘောထားကိုင်တွယ်နေတဲ့အကြောင်းလည်း အကြီးအကဲ Tang ကပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ငွေလိမ်ဂိုဏ်းတွေအတွက် အလုပ်လုပ်ပေးဖို့ အဖမ်းခံရတဲ့ ဟောင်ကောင်ကျွန်းသားတွေ ပြန်လွတ်ရေး ကြိုးပမ်းဖို့ ဟောင်ကောင်အထူးလုံခြုံရေးတပ်ဖွဲ့နဲ့ အစိုးရတာဝန်ရှိသူတွေ ထိုင်းနိုင်ငံကို စေလွှတ်ထား တဲ့ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ ဟောင်ကောင်ဒေသခံတွေ ဘေးကင်းစွာ နေရပ်ပြန်နိုင် အောင် မြန်မာအပါအဝင် အားလုံးက ဝိုင်းဝန်း ကူညီလုပ်ဆောင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း လည်း မြန်မာကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်နဲ့ ဟောင်ကောင် လုံခြုံရေး ဗျူရိုအကြီးအကဲ အပြန် အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဟောင်ကောင်အစိုးရက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ထားတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေက ဖမ်းဆီးပြီး အဓမ္မခိုင်းစေခံ နေရတဲ့ ဟောင်ကောင်ကျွန်းသားတွေကို ကယ်တင်နိုင်ဖို့အတွက် ဟောင်ကောင်ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းရဲချုပ်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကဘဲ တွေ့ဆုံ ဆွေးနွေးခဲ့သလို ပျောက်ဆုံးနေတဲ့ ဟောင်ကောင်မိသားစုဝင်တွေကလည်း သူတို့ သားသမီးတွေ ပြန်လွတ်ရေး တရုတ်အစိုးရက ကူညီ ဆောင်ရွက်ပေးဖို့ တိုက်တွန်း တောင်းဆိုမှုတွေ ရှိနေပါတယ်။
Forum