သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် တိုင်းပြည်ကို တည်ငြိမ်အောင် မဆောင်ကျဉ်းနိုင်ဘူးလား


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံကိုမိန့်ခွန်းပြော။ (မေ ၁၊ ၂၀၁၄)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံကိုမိန့်ခွန်းပြော။ (မေ ၁၊ ၂၀၁၄)

ဦးစည်သူအောင်မြင့်။ ။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော် မန္တလေးမှာ အလွန် အရုပ်ဆိုးအကျည်းတန်းတဲ့ အကြမ်းဖက်မှု တစ်ခု ဖြစ်ပွားသွားခဲ့ပါပြီ။ လူနှစ်ယောက်သေ၊ တစ်ချို့ ဒါဏ်ရာရ၊ နေအိမ်တွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ တိုက်ခိုက်ဖျက်ဆီး ခံရတာတွေ ဖြစ်ပွားခဲ့ပါပြီ။ ထုံးစံအတိုင်း နည်းပညာခေတ်ကြီးမှာ ဒီ သတင်း ကမ္ဘာတစ်လွှား တမုဟုတ်ခြင်း ပျံ့နှံ့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီ ထက်ပိုဆိုးတာက မန္တလေးနေ ပြည်သူတွေရဲ့ စိတ် မလုံခြုံမှု၊ အထူးသဖြင့် အစ္စလာမ် ဘာသာ ကိုးကွယ်သူ နိုင်ငံသားတွေရဲ့ စိတ်မလုံခြုံမှုကတော့ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ပါပြီ။ ရခိုင်ပြည်နယ်က စ လိုက်တဲ့ ဒီ ဘာသာရေး လူမျိုးရေးဆန်တဲ့ ပြသနာဟာ မိတ္တီလာ၊ ရှမ်းပြည်နယ် လားရှိုး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတွေမှာ ဖြစ်ပွားခဲ့ပြီး ရပ်ဆိုင်းမသွားရုံမက အခု မန္တလေး ရွှေမြို့တော်ကြီးမှာလည်း ဖြစ်ပွားခဲ့ပြန်ပါပြီ။ ပြသနာ ဘယ်လိုဖြစ်ရတာပါလဲ၊ ဒီ ပြသနာနဲ့ ပါတ်သက်ပြီး သမ္မတ ဦးသိန်းစိန် ကိုင်တွယ်ဆောင်ရွက်နိုင်ပါရဲ့လား ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါ်အင်ကြင်းနိုင်။ ။ လက်ရှိ မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဟာ အထူးအဆန်း ဖြစ်စဉ်မျိုးတော့ မဟုတ်ပါဘူး။ ကြိုတင် မသိရှိ၊ မတားဆီး လို့ မရတဲ့ အဖြစ်အပျက်မျိုးလည်း မဟုတ်ပါဘူး။ ဇတ်လမ်းကတော့ ထုံးစံအတိုင်း့ မန္တလေး ၂၇ လမ်းနဲ့ ၂၈ လမ်းဒေါင့်က နေ လဖက်ရည်ပိုင်ရှင် အစ္စလာမ် ဘာသာဝင်နှစ်ယောက် ပျဉ်းမနားမြို့ရဲစခန်းမှာ မုဒိန်းမှုနဲ့ အမှုဖွင့် တိုင်ကြားခံရတယ် ဆိုတာ ကနေ စ ပါတယ်။ ဒါက တိုင်ကြားထားတဲ့အဆင့်မှာပဲ ရှိသေးပြီး ရဲတပ်ဖွဲ့ကိုယ်တိုင်က စုံစမ်း မေးမြန်းနေဆဲ အခြေအနေပါ။ စွတ်စွဲခံရသူတွေကိုလည်း ဖမ်းတာ ဆီးတာ မလုပ်ပါဘူး။ ဒါပေမယ့် ပြသနာက အဲလောက်နဲ့ ရပ်မနေပါဘူး။ ဒီ တိုင်ကြားခံရမှု ပြသနာကို အခြေပြုပြီး အစွန်းရောက်သူ တစ်ချို့ဟာ အင်တာနက် လူမှုကွန်ယက် စာမျက်နှာကနေ တဆင့် တကယ်ကျူးလွန်ခဲ့တဲ့ မှုခင်းကြီးဖြစ်သယောင်၊ အမုန်းတရား ပေါ်ပေါက်လာအောင် လှုံ့ဆော်မှုတွေ တရစပ် လုပ်ခဲ့ကြပါတယ်။

ထင်ရှားတဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေထဲမှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ၊ မန္တလေး မဘသ အဖွဲ့ခေါင်းဆောင် အရှင်ဝီရသူနဲ့ အခြား သူတွေ ပါဝင်ကြပါတယ်။ ဒီ အမုန်းတရား ဖြန့်ဖြူးမှု အခြေခံက စပြီး မန္တလေး ၂၇ လမ်းနဲ့ ၂၈ လမ်းဒေါင့် က လက်ဖက်ရည်ဆိုင် ပါတ်ဝန်းကျင်မှာ မငြိမ်မသက်ဖြစ်ပါတယ်။ ဒါကို ရဲတပ်ဖွဲ့က အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အဲဒီလို ထိန်းသိမ်းနေတဲ့ကြားက စောစောက ပြောခဲ့သလို လူသေဆုံး၊ ထိခိုက်ဒါဏ်ရာ ရသူရ၊ နေအိမ်အဆောက်အဦနဲ့ ကားဆိုင်ကယ်တွေ ဖျက်ဆီးခံရတဲ့ အထိ ဖြစ်ပွားခဲ့တာပါ။ ဒီနေရာမှာ မေးစရာ တစ်ခုရှိပါတယ်။ အခုလို ဘာသာခြားက မုဒိန်းကျင့်တယ် ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းကို ပျံ့အောင် ဖြန့်၊ တဆက်တည်း ဘာသာခြား အမုန်းတရား ပျံ့နှံ့အောင်လုပ်၊ နောက်ပိုင်း အကြမ်းဖက်မှုတွေ ဖြစ်ပွား ဆိုတဲ့ ဖေါ်မြူလာဆန်ဆန် လုပ်ရပ် သမ္မတ ဦးသိန်းစိန် အစိုးရက မသိ၊ မတားဆီး နိုင်ဘူးလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ တကယ်တော့ ဒီ ပြသနာကို သမ္မတ ဦးသိန်းစိန် နဲ့ အစိုးရအဖွဲ့ ပြီးခဲ့တဲ့ နှစ်ကတည်းက သိခဲ့ပါတယ်။

ဦးစည်သူအောင်မြင့်။ ။ သမ္မတ ဦးသိန်းစိန်ရဲ့ ၂၀၁၃ ဇူလိုင် ၂ ရက် မိန့်ခွန်းကို နည်းနည်း ပြန်နားထောင်ကြည့်ရအောင်ပါ။ သမ္မတရဲ့ မိန့်ခွန်းတစ်နေရာမှာ အဲဒီ အချိန်က မလေးရှားရောက် မြန်မာအလုပ်သမားတစ်ချို့ တိုက်ခိုက်ခံရတာနဲ့ ဆက်စပ်ပြီး ခုလို ပြောဆိုထားပါတယ်။ “ ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ အနေနဲ့ သင်ခန်းစာအဖြစ် ရယူရမယ့် ကိစ္စကတော့ နိုင်ငံတွင်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစ်စုရဲ့ အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တဲ့ နိုင်ငံရေး စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်မှုတွေကြောင့် ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ပြည်ပ နိုင်ငံများမှာ ရောက်ရှိနေထိုင်ကြရတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသားများကို မလုံခြုံမှုတွေနဲ့ စိုးရိမ်သောကတွေ ဖြစ်စေခဲ့တာပဲ ဖြစ်တယ်။ ” လို့ ဆိုပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန်ဟာ Hate Speak လို့ခေါ်တဲ့ အမုန်းတရား ဖြန့်ဖြူးမှုရဲ့ အန္တရာယ်ကို သိနေတဲ့ သဘော သက်ရောက်ပါတယ်။

ဆက်ပြီးပြောတာက “ကျွန်တော်တို့ အနေနဲ့ နိုင်ငံအတွင်းမှာ တစ်ဖက်နဲ့ တစ်ဖက်အကြား အမုန်းတရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။ အခုဆို သမ္မတ အဲဒီ မိန့်ခွန်းပြောတာ တစ်နှစ်တိတိ ရှိသွားပါပြီ။ အကြမ်းဖက်မှုတွေ ဖြစ်ပွားမှုရဲ့ အဓိက လက်သည်တရားခံဖြစ်တဲ့ အဲဒီ အမုန်းတရား ဖြန့်ဖြူးသူ တစ်ဦးတစ်ယောက်ကိုမှ အစိုးရက အရေးယူတာ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အမုန်းတရား ဖြန့်ဖြူးသူတွေဟာ ပိုပြီး အတင့်ရဲ ပိုပြီး ဆိုးရွားလာ၊ နောက်ထပ် အကြမ်းဖက်မှုတွေ အချိန်မရွေး ဖြစ်လာနိုင်သေးတယ် ဆိုတဲ့ အနေမျိုး ကြုံတွေ့ရလာတာ ဖြစ်ပါတယ်။

ဒေါ်အင်ကြင်းနိုင်။ ။ သမ္မတ ဦးသိန်းစိန်ဟာ အမုန်းတရားဖြန့်ဖြူးတဲ့သူတွေကို အရေးယူမယ် ဆိုတဲ့ မိန့်ခွန်းပြောပြီး တစ်နှစ်အကြာ အခု ဇူလိုင် ၃ ရက်နေ့မှာ နောက်ထပ် မိန့်ခွန်းတစ်ခု ပြောခဲ့သလို မန္တလေးမှာ အကြမ်းဖက်မှုကြီးတစ်ခုကလည်း တိုက်တိုက်ဆိုင်ဆိုင် ပြန်ဖြစ်လာတာ ကြုံရပါတယ်။ သမ္မတ ဦးသိန်းစိန် ပြောတာက “ ပြုပြင်ပြောင်းလဲရေး အာင်မြင်နိုင်ဖို့အတွက် တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူများအကြားမှာ မုန်းတီးမှုများဖြစ်ပွားစေမယ့် ပြုမူပြောဆို ရေးသားမှုများနဲ့ လှုံ့ဆော်မှုများကို ရှောင်ရှားကြဖို့ တိုက်တွန်းအပ်ပါတယ်။ နိုင်ငံသား အချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း၊ အမုန်းတရားတွေကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားပြီး ပြည်သူတွေဒုက္ခမျိုးစုံ တွေ့ကြုံနေကြရတာကို ကမ္ဘာ့ဖြစ်စဉ်ဖြစ်ရပ်များက သက်သေပြ နေပါတယ်။ ဒါကြောင့် နိုင်ငံသားများအကြား အမုန်းတရားများ ပွားစေမယ့် အပြုအမူ၊ အပြောအဆို၊ အရေးအသားများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြရမှာလည်း ဖြစ်ပါတယ်။” လို့ဆိုပါတယ်။

ဦးစည်သူအောင်မြင့်။ ။ သမ္မတ ဦးသိန်းစိန် ပြောတာ ရှင်းပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က အမုန်းတရား ဖြန့်ဖြူးနေသူတွေကို အရေးယူရမယ် ပြောခဲ့ပေမယ့် အခုတစ်နှစ်ပြည့်တဲ့ အချိန်မှာတော့ သူတို့ အစိုးရ အာဏာပိုင်တွေအနေနဲ့ ဘာတာဝန်မှ ယူတော့မှာ မဟုတ်ပဲ လူ့အဖွဲ့အစည်းကသာ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြပါ ဆိုပြီး ပြည်သူတွေ လက်ထဲ ပြန်ထိုးထည့်သွားခဲ့တာပါ်။ အဓိပ္ပါယ်ကတော့ ဒီပြသနာကို ကိုင်တွယ် အရေးယူနိုင်တဲ့ စစ်တပ်က ချုပ်ကိုင်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို သမ္မတ ဦးသိန်းစိန် ညွှန်ကြားလို့ မရဘူး ဆိုတဲ့ သဘောဖြစ်ပါတယ်။ ပြောရရင် နိုင်ငံ့အကြီးအကဲ အထွတ်အထိပ် လို့ ခေါ်ဝေါ်သမုတ်နေကြတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းကိုကြည့်ရင် သူ့အစိုးရလက်ထက် ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်ပြီး ဘာမှ အရေးယူနိုင်တာ မရှိသလို လုပ်နိုင်စွမ်းမရှိတာလဲ ပေါ်လွင်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG