မြန်မာနိုင်ငံက လူပေါင်း တသန်းကျော်အတွက် အသက်ကယ် စားနပ်ရိက္ခာအကူအညီ တွေ ဧပြီလက စတင် ပြတ်တောက်ဖို့ ရှိကြောင်း WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဒီကနေ့ သတိပေး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုဖြတ်တောက်မှု တွေရှိလာချိန်မှာပဲ ပဋိပက္ခတွေ ပြင်းထန်လာတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုတွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေရောက်ရှိဖို့ ကန့်သတ်ချက်တွေရှိနေတာကြောင့်လည်း စားနပ်ရိက္ခာလိုအပ်ချက်တွေ သိသိသာသာ တိုးလာနေတာပါ။
တကယ်လို့ လိုအပ်နေတဲ့ ရန်ပုံငွေ အသစ် ချက်ချင်းမရရှိဘူးဆိုရင် သက်ငါးနှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ မသန်စွမ်းသူတွေအပါအ၀င် ဘေးဒုက္ခအန္တရာယ်အကျရောက်နိုင်ဆုံးသူပေါင်း ၃၅,၀၀၀ လောက်ပဲကိုပဲ WFP က ကူညီနိုင်မယ်လို့ ဆိုပါတယ်။
မကြာခင်မှာ ဖြတ်တောက်တော့မယ့် အကူအညီတွေဟာ မြန်မာနိုင်ငံတ၀ှမ်း အကူအညီအလိုအပ်ဆုံး လူ့အဖွဲ့အစည်းအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိလိမ့်မယ်လို့ WFP မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ညွှန်ကြားရေးမှူး Michael Dunford က သတိပေး ပြောကြားထားပါတယ်။ ဒုက္ခသည်အများစု ရှင်သန်ရပ်တည်နိုင်ရေးအတွက် WFP ရဲ့ ပံ့ပိုးကူညီမှုအပေါ် လုံးလုံးလျားလျား မှီခိုနေရတယ်လို့လည်း ဆိုပါတယ်။
ဒီဖြတ်တောက်မှုတွေဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအပါအ၀င် စားနပ်ရိက္ခာလက်လှမ်းမမီနိုင်တဲ့ ရခိုင်ပြည်နယ်အလယ်ပိုင်းက ပြည်တွင်းနေရပ်စွန့်ခွာသူ ပေါင်း တသိန်းနီးပါးကိုး ထိခိုက်စေမယ်လို့လည်း WFP ကြေညာချက်မှာ သတိပေးထားပါတယ်။
Forum